26.6.13

သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်မည်

ကမ္ဘာကျော် ပုဂံနှင့်ခေတ်ပြိုင် မွန်တိုင်းရင်းသားတို့၏ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သော သုဝဏ္ဏဘူမိ မြို့ဟောင်းကို ပြန်လည် တူးဖော်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင်းမိုရ် ဟိုတယ်၌ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်ရန်ပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် ၄င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းကို တူးဖော်ရန် အတွက် ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ တို့တွင် ရွှေမြင်းမိုရ် ဟိုတယ်၌ပင် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ သဘာပတိ အဖွဲ့က ဆုံးဖြတ်သည့် တည်နေရာတွင် တူးဖော်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မြို့ဟောင်းကို တူးဖော်ရန် သမိုင်းမှတ်တမ်းများ၊ သုတေသနပြုလုပ် ချက်များ၊ ဒေသခံများက ပေးအပ်ထားသည့် မှတ်တမ်းအချို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

အဆိုပါ သုဝဏ္ဏဘူမိမြို့ဟောင်း တည်ရှိသည်ဟု ဆိုသော မွန်ပြည်နယ် သထုံခရိုင် အတွင်းတွင် လူနေအိမ်များ ရှိနေသဖြင့် တူးဖော်ရာတွင် အခက်အခဲများ ရှိလာနိုင်သောကြောင့် မွန်ပြည်နယ် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား ၂ အရ မွန်ပြည်နယ် မြို့ဟောင်း တူးဖော်ရေး ဥပဒေတစ်ရပ် ရေးဆွဲသွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုး က ပြောကြားသည်။

သထုံခရိုင်အတွင်း တည်ရှိသည့် သုဝဏ္ဏဘူမိ မြို့ဟောင်းသည် အေဒီ ၁၁ ရာစုက အနော်ရထာမင်း တည်ထောင်ခဲ့သည့် ပုဂံခေတ်နှင့် ခေတ်ပြိုင် မြို့ပြနိုင်ငံတစ်ခုအဖြစ် တည်ရှိခဲ့ကြောင်း ဦးကုလားရေးသားသည့် မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။

Ref: The voice weekly

0 comments:

Post a Comment