26.6.13

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း အား ဦးကျော်နီနိုင် (လောက်ကိုင် မဲဆန္ဒနယ်) ကိုယ်စား ဦးခင်မောင်သီ လွိုင်လင်မဲဆန္ဒနယ် မှမေးမြန်းရာတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ခန့်ထားခြင်းဖြင့် ဒေသန္တာရ လိုအပ်ချက်အရ ဘာသာစကား ကျွမ်းကျင်မှုဖြင့် နယ်မြေကို စည်းရုံးဆောင်ရွက်နိုင်ပြီး ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို များစွာအကောင်အထည်ဖေါ် အထောက်အကူပြုပေးနိုင်မှုတို့တွင် များစွာ အရေး ပါခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးလုံခြုံအေးချမ်းမှုကို ပီပီပြင်ပြင်ဆောင်ရွက် နိုင်ရန်နှင့် ဒေသခံ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကဲမှုကို အထောက်အကူပြုပေးနိုင်ပါရန်၊ ကိုးကန့် ဒေသ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးအား ၎င်းတို့၏ ဒေသနှင့်‌ ကိုက်ညီသင့်လျော်သည့် အရည်အချင်း လုပ်သက်များအရ ထိုက်သင့်သည့်ရာထူးများ ထပ်မံတိုးမြှင့်‌ခန့်အပ်ပေးရန် လိုအပ်နေပါသဖြင့် ကိုးကန့်ဒေသခံ ရဲ ၂၅၀ ဦးရှိရာ ၅၀ ဦးကို ဒုရဲအုပ် ၁ ဦးခန့်ထားပေးမှသာလျှင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့အောင်မြင်နိုင်မည် ဖြစ်ပါ၍ ခန့်ထားပေးနိုင်မှုရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက် 
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ခန့်ထားခြင်းသည် ဒေသအတွက် များစွာအထောက် အကူပြုပေးနိုင်ရန်၊ ဒေသလုံခြုံမှုကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန် နှင့် ဒေသခံကိုးကန့် ရဲတပ်ဖွဲ့ဝင်များ စီမံကွပ်ကွဲမှု အထောက်အကူပြုပေးနိုင်ရန်၊ ဒေသခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးကို ၎င်းတို့၏ အရည်အချင်းလုပ်သက်များအရ ထိုက်သင့်သည့် ရာထူးများကို ထပ်မံတိုးမြှင့် ခန့်ထားပေးလျက်ရှိပါ ကြောင်း။ ကိုးကန့်ဒေသမှာရှိ ရဲတပ်ဖွဲ့ဝင် ရဲတပ်သား ၂၅၀ ဦးအနက် အခြေခံပညာ ၄ တန်း နှင့် အထက်ရှိသူ ၁၂ ဦးကို ရဲဒုတပ်ကြပ်အဆင့် တိုးမြှင့်‌ခန့်ထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုးကန့်ဒေသခံ ရဲတပ်ဖွဲ့ဝင် ၂၅၀ ဦးရှိရာ ၅၀ ဦးကို ဒုရဲအုပ် ၁ ဦးခန့်ထားပေးနိုင်မှုရှိ/မရှိ မေးခွန်းနှင့်‌စပ်လျဉ်း၍ ဒုရဲအုပ်လောင်းများ ရွေးချယ်ခန့်ထားရေး အတွက် မြန်မာရဲတပ်ဖွဲ့ရဲလက်စွဲ ပထမတွဲ အပိုဒ် ၉၁ အပိုဒ်ခွဲ(ခ) တပ်တွင်းဝန်ထမ်းများ နှင့်အပိုဒ်ခွဲ (ဂ) အခြေခံပညာအထက်တန်း(ခ)နှင့်အထက် အောင်မြင်သူများအတွက် ပြဋ္ဌာန်းထားချက်များဖြင့် ပြည့်မီပါက ဒုရဲအုပ်လောင်း စစ်ဆေးရေးအဖွဲ့သို့ ဝင်ရောက်ဖြေဆိုနိုင်ပြီး အောင်မြင်ပါက ဒုရဲအုပ်လောင်းသင်တန်းသို့ ၁ နှစ် တက်ရောက်ရ မည်ဖြစ်ပါကြောင်း၊  တိုးတက်ပြောင်းလဲနေသည့် ခေတ်စနစ်အရ ဘွဲ့ရများကိုသာ ဒုရဲအုပ်လောင်းသင်တန်းများသို့ ဦးစားပေးရွေးချယ်တက်ရောက် စေလျက်ရှိပါကြောင်း၊ ကိုးကန့်ဒေသ ခံရဲတပ်ဖွဲ့ဝင်များရဲ့ ပညာအရည်အချင်းကို စိစစ်ရာ အစိုးရ အထက်တန်းကျောင်း၊ ဘွဲ့ရသူများမပါရှိခြင်း၊ ၎င်းတပ်ဖွဲ့ဝင်များမှ သတ်မှတ် လုပ်သက် ၅ နှစ်မပြည့် ခြင်းတို့ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိ ဒေသခံမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အရည်အချင်းအလိုက် ရာထူးခန့်ထားရေးကိစ္စနှင့် ပတ်သက်၍ သတ်မှတ် ပြဋ္ဌာန်းချက်များအရ ဒုရဲအုပ်ခန့်ထားနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။
ဖြေကြားသည့် ဌာန 
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
မေးမြန်းသူ 
ဦးခင်မောင်သီ (လွိုင်လင်မဲဆန္ဒနယ်)

0 comments:

Post a Comment