5.3.14

ခွင့်ပြုချက်မရှိဘဲ လည်ပတ်နေသည့် “စွမ်ဖုန်းတာ” စက္ကူစက်ရုံ ချက်ချင်းရပ်ဆိုင်းရန် ညွှန်ကြားထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ နမ့်ဆွမ်ချောင်းဖျား၌ စွမ်ဖုန်းတာ ကုမ္ပဏီလီမိတက်က တည် ဆောက်နေသည့် စက္ကူစက်ရုံသည် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ပင် မရှိသည့်အတွက် ရပ်ဆိုင်းရန် ညွှန် ကြားထားပြီးဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမျိုးအောင်က မတ် ၄ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“စက်ရုံလုပ်ငန်း ဆောင်ရွက်နေတာကို ချက်ချင်းရပ်ဆိုင်းရန်နဲ့ လုပ်သားများ လုံးဝမထားရှိရန် ထပ်မံကျူး လွန်ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်”ဟု ၎င်းက ပြောသည်။


စက္ကူစက်ရုံပိုင်ရှင်ဖြစ်သူ ဦးယွီစုန်းဖူးထံ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် အကြောင်းကြားထားခြင်း ဖြစ်သည်။

အဆိုပါစက်ရုံနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အမှတ်(၃)ကိုယ်စားလှယ် ဦးစိုင်းစံမင်းက မေးမြန်းရာတွင် ဒုတိယ၀န်ကြီးက ယင်းသို့ အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံသည် နမ့်ဆွမ်ချောင်းဖျား၌ မြေသားတမံ ပိတ်၍ ရေလှောင်ထားခြင်းတို့ကြောင့် ခွင့်ပြုထားခြင်းမရှိဟု တာဝန်ရှိသူက ဆိုသည်။

“စွမ်ဖုန်းတာကုမ္ပဏီလီမိတက်အနေဖြင့် စက္ကူစက်ရုံတည်ဆောက်ရန်အတွက် စီမံချက်များ စနစ်တကျ ရေးဆွဲဆောင်ရွက် တင်ပြခြင်း၊ စက်ရုံတည်ဆောက်ခြင်းမပြုမီ ပတ်ဝန်းကျင်ကျေးရွာလူထု သဘောထား အမြင်များ ရယူဆောင်ရွက်ခြင်း၊ စက္ကူစက်ရုံတည်ဆောက်မှု၊ တပ်ဆင်မှုများ ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုမိန့်များရရှိထားခြင်း မရှိကြောင်း တွေ့ရှိရပါတယ်”ဟု ဒု-၀န်ကြီးက ပြောသည်။

စက္ကူစက်ရုံတည်ဆောက်မှု ပြီးစီးပါက ရေဆိုးစွန့်ပစ်ခြင်းကြောင့် နမ့်ဆွမ်ချောင်း၏ ရေအရည်အသွေး ကျ ဆင်းခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်နိုင်သော်လည်း ကြိုတင်ကာကွယ်မှုအစီအမံများ ဆောင်ရွက်နေမှုမရှိဟု ဒုတိယ၀န်ကြီးက ဆိုသည်။ ရှမ်းပြည်နယ်အစိုးရ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြေစာရင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဆည် မြောင်းဦးစီးဌာန၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သော အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးစေခဲ့ပြီးနောက် ထိုသို့ ညွှန်ကြားခြင်းဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment