5.3.14

မီဒီယာဥပဒေနှင့် ပုံနှိပ်/ထုတ်ဝေ ဥပဒေတို့ကို လွှတ်တော် အတည်ပြုလိုက်ပြီ

5-3-2014

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေတို့ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အတိုင်း မတ်လ ၄ ရက်က ပြည် ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။


အထက်လွှတ်တော်နှင့် အောက်လွှတ်တော် သဘောကွဲလွဲသည့် သတင်းမီဒီယာဥပဒေကြမ်းကို ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် သုံးချက်နှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပ ဒေကြမ်းကို သဘောထားမှတ်ချက် ခြောက်ချက်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အတည်ပြုလိုက်သည့်ဥပဒေနှစ်ခုမှာ သတင်းသမားများအား အကာအကွယ်ပေးထားသည့် အချက်ပေါင်း ၁၀ ချက်ကျော် ပါဝင်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က အစည်းအဝေးအပြီး သတင်း ထောက်များကို ပြောသည်။

“သို့သော် တစ်ဖက်ကလည်း ကျင့်ဝတ်နဲ့တာဝန်ဝတ္တရားတွေလည်း ပါတာပေါ့နော်။ ကျင့်ဝတ်နဲ့ တာဝန် ၀တ္တရားတွေလည်းလိုက်နာမယ်။ အကာအကွယ်တွေလည်းရအောင် ကျွန်တော်တို့က ကူညီဆောင်ရွက် ပေးမယ်ဆိုရင် အနာဂတ်မီဒီယာရဲ့ အခြေအနေဟာ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပဲ လူမှုတာ ၀န်သိတဲ့ မီဒီယာအနေအထားကို မလွှဲမသွေရောက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ဦးအောင်ကြည်က သတိပေးသည်။

လွှတ်တော်နှစ်ရပ် သဘောကွဲသည့် သတင်းမီဒီယာဥပဒေကြမ်းပါ အရေးယူမှုပုဒ်မတစ်ခုကိုလည်း မူလ ပြဋ္ဌာန်းချက်အတိုင်း ထားရန် ဥပဒေကြမ်းကော်မတီ၏ သဘောထားကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူခဲ့သည်။ သတင်းမီဒီယာဥပဒေ၏ ပုဒ်မ ၃၂ တွင်ပါရှိသည့် အဆိုပါ အရေးယူမှုဆိုင်ရာ ပုဒ်မမှာ “ဥပဒေအရ တားမြစ်ပိတ်ပင်ထားသောပြစ်မှုဖြင့် အရေးယူခံရသည့် သတင်း စာ၊ ဂျာနယ်၊ စာစောင် စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်”ဟု ပါရှိသည်။

အတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲခြင်း ဖြစ်ပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲခြင်း ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment