5.3.14

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီး လက်ထပ်မင်္ဂလာ ယနေ့ လက်မှတ်ရေးထိုးပြီ


Wednesday, March 5, 2014

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးကိုကိုကြီးသည် ယနေ့ နံနက်ပိုင်းတွင် မခင်သူသူဝင်းနှင့် နှစ်ဦးသဘောတူ လက်ထပ် မင်္ဂလာ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာစာချုပ်
လက်မှတ်ရေးထိုးကြသည်။

မခင်သူသူဝင်းမှာ ကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ပြည့်နှစ် အရွေးချယ်ခံကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း(ကွယ်လွန်) ၏သမီး ဖြစ်ပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် မင်္ဂလာပွဲ အခမ်းအနားကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဦးကိုကိုကြီးသည် ၈၈ မျိုးဆက်အဖွဲ့တွင် နိုင်ငံရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များ၌ ပိုမို နားလည်ကျွမ်းကျင်သူ ဟု သိရှိရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဟု ခန့်မှန်းထားသူ ဖြစ်သည်။

စစ်အာဏာရှင် လက်ထက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများကြောင့် အကျဉ်းထောင်များတွင် ကျခံခဲ့ရပြီး အစိုးရသစ်လက်ထက် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လေးပွင့်ဆိုင် တောင်းဆိုမှုအပေါ် ယုံကြည်မှုအလျင် တည်ဆောက်ရန် လိုအပ်သည် ဟု ဝေဖန် ပြောကြားခဲ့ခြင်းကြောင့် NLD ပါတီဝင်များက ၀ိုင်း၍ အပုပ်ချခြင်း ခံခဲ့ရသည်။

မကြာသေးခင်က ၈၈ မျိုးဆက်နှင့် NLD ပူးတွဲကြေညာချက်များ ထုတ်ပြန်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာခဲ့ရာ နောက်ကွယ်မှ အကြံဥာဏ်ပေး စီစဉ်သူမှာ ဦးကိုကိုကြီး ဖြစ်သည် ဟု လေ့လာသူများက ခန့်မှန်းလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မဟာဗျူဟာ အကြံဥာဏ်များ ပေးနိုင်သောသူမှာ ဦးကိုကိုကြီးသာ ဖြစ်ပြီး ယခုအခါ NLD ပါတီတွင် ထက်မြက်သော ခေါင်းဆောင်များ ရှားပါးလျက် ရှိရာ ဦးကိုကိုကြီးသည် လက်ရှိ NLD CEC များကို ကျော်လွှား၍ ပါတီခေါင်းဆောင် နေရာကို ရယူနိုင်သူ ဟု သတင်းကြီးနေသူ ဖြစ်သည်။

၈၈ မျိုးဆက်များအနက် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ (၂)ဦးမှာ ထင်ရှားသည့် ခေါင်းဆောင်များ ဖြစ်ကြပြီး ဦးမင်းကိုနိုင်မှာ အဟော အပြော ကောင်းမွန်ပြီး ကဗျာစပ်ခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ၀ါသနာထုံပြီး ဦးကိုကိုကြီးမှာ နိုင်ငံရေးအတွေးအမြင် အရှိဆုံး ဖြစ်ကြောင်း သိရသည်။

၈၈ အဖွဲ့တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် သီးခြားရပ်တည်ရေးနှင့် NLD သို့ပူးပေါင်းရေး အငြင်းပွားလျက်ရှိရာ ဦးကိုကိုကြီးသည် ၈၈ မျိုးဆက် သီးသန့်ရပ်တည်ရေးကို ထောက်ခံသူ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ သီးခြား ထူထောင်ရေးအပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းမှာ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ နှစ်ဦးအကြားတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

လွှတ်တော်နိုင်ငံရေးကို အလေးထားလေ့လာလျက် ရှိသည့် ဦးကိုကိုကြီးသည် လက်ရှိလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ယင်း၏ သားဖြစ်သူ (ဇေကမ္ဘာ ဦးခင်ရွှေ၏သားမက်) ဦးတိုးနိုင်မန်းတို့နှင့် မကြာခဏ တွေ့ဆုံလေ့ ရှိကြောင်း၊ သူရဦးရွှေမန်း၏ လွှတ်တော်ရေးရာ ကိစ္စရပ်များတွင် ၀င်ရောက်ပါဝင်လာရန် ကမ်းလှမ်းထားခြင်း ခံရပြီး လွှတ်တော်အရည်အသွေးမြှင့်တင်ရေးဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့၏ မင်္ဂလာဧည့်ခံပွဲကို အမည်မခံ၊ အမည် မဖော်ဘဲ ဦးတိုးနိုင်မန်းက အကုန်အကျခံဆောင်ရွက်ပေးမည် ဟု အတည်မပြုနိုင်သေးသော သတင်းများအရ သိရှိရသည်။

အလားတူ မြန်မာပြည်၏ ခရိုနီသူဌေးကြီးအတော်များများကလည်း မင်္ဂလာ လက်ဖွဲ့အဖြစ် တန်ဘိုးကြီး မော်တော်ကားများ၊ နေအိမ်တိုက်ခန်းများ၊ အဘိုးတန် လက်ဝတ်ရတနာများ လက်ဖွဲ့ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ဆန္ဒပြကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်သူ၊ နိုင်ငံရေးအတွေးအမြင်ရင့်ကျက်သူ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အရွေးချယ်ခံဖြစ်လာနိုင်သူ၊ NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်နေရာကို ဆက်ခံနိုင်မည့် တစ်ဦးတည်းသော မျိုးဆက်သစ် ဖြစ်သူ စသည်အားဖြင့် ထင်ရှားကျော်ကြားလှသော ဦးကိုကိုကြီး၏ အိမ်ထောင်သည်ဘ၀ ခရီးအစ ပျှော်ရွှင်ချမ်းမြေ့ပါစေကြောင်း ပြည်သူ့အာဏာက ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

ပြည်သူ့ အာဏာ

0 comments:

Post a Comment