5.3.14

အိန္ဒိယရေလုပ်သား ၃၂ ဦး သီရိလင်္ကာဖမ်းဆီး

5-3-2014

သီရိလင်္ကာရေတပ်သည် အိန္ဒိယ ရေလုပ်သား ၃၂ ဦးကို အပြည်ပြည် ဆိုင်ရာရေကြောင်း နယ်နိမိတ် ဖြတ်ကျော်ခြင်းနှင့် သီရိလင်္ကာ ရေပိုင်နက်အတွင်း ငါးဖမ်းခြင်းတို့ ကြောင့် ဖမ်းဆီးခဲ့သည်ဟု သီရိ လင်္ကာရေတပ်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။


၎င်းရေလုပ်သားများကို သီရိလင်္ကာအစိုးရပိုင် ကျွန်းတစ်ကျွန်း ဖြစ်သော ဒပ်ဖ်ကျွန်း၌ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့ကို နောက်ကြောင်း ပြန်လှည့်ရန် ပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ၄င်းရေလုပ်သားများကို ဖမ်းဆီးခဲ့ပြီး ၄င်းတို့၏ လှေရှစ်စင်းကို သိမ်းဆည်း ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ရေလုပ်သားများ အနေဖြင့် ကိုလံဘို၌ ယခုလကုန်တွင် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်၌ ယခုကဲ့သို့ဖမ်းဆီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံမှ ရေလုပ်သားများသည် နှစ်နိုင်ငံ နယ်နိမိတ်အတွင်း ငါးဖမ်းခြင်းနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာကတည်းက အငြင်းပွားမှုများရှိနေ ခဲ့သည်။ ၄င်းနှစ်နိုင်ငံမှ ရေလုပ်သားအများစုကို ရေကြောင်းဥပဒေ ချိုးဖောက်ခြင်းကြောင့် ဖမ်းဆီးထောင်ချမှုများ ရှိခဲ့သော်လည်း နှစ်နိုင်ငံအကြား ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် သဘောတူညီမှု ရယူကာ အများစုကို လွှတ်ပေးခဲ့သည်။

သို့သော်လည်း ပထမဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် အိန္ဒိယရေလုပ်သား ၁ဝဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၄င်းရေပိုက်နက်အတွင်း ကျူးကျော်သူများကို ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း သီရိလင်္ကာ နိုင်ငံက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ၌ ကျင်းပနေသော ထိပ်သီး အစည်းအဝေး၌ သီရိလင်္ကာ တမီလ် လူမျိုးရေးကိစ္စများနှင့် ၄င်းရေလုပ်သားများ အရေးကိစ္စနှင့် ပတ်သက်၍ သီးခြားထည့်သွင်း ဆွေးနွေးမှု ပြုလုပ်နိုင်ရန်လည်း မျှော်လင့် နေကြသည်။

(ဆင်ဟွာ)

0 comments:

Post a Comment