5.3.14

ရခိုင်ခေါင်းဆောင်များကို လုပ်ကြံမှုဖြင့် ဖမ်းဆီးခံရသူ မြန်မာ ဟုတ်မဟုတ်စစ်ဆေး

5-3-2014

ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ ဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ကို သေနတ်ပစ်ခတ် လုပ်ကြံခဲ့သည်ဟုဆိုကာ မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူမှာ မြန်မာဟုတ်မဟုတ် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်ဆေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြန်မာတစ်ဦးကို ဖမ်းဆီး ထားသည်ဟု မလေးရှားရဲချုပ် Tan Sri Khalid Abu Bakar ၏ ပြောဆိုချက်ကို ကိုးကားကာ မလေးရှားနိုင်ငံပိုင် သတင်းစာ တစ်ခုဖြစ်သည့် Bernama သတင်းတွင် ဖော်ပြသည်။

ယင်းလုပ်ကြံမှုတွင် ပါဝင်နိုင်သည့် မြန်မာနှင့် ထိုင်းနိုင်ငံသား အချို့ကိုလည်း စုံစမ်းနေကြောင်း Tan Sri Khalid Abu Bakar ကဆိုသည်။
မလေးရှားနိုင်ငံရောက် ရခိုင်လူထုနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ ဦးဆောင်သည့် အဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကွာလာလမ်ပူ မြို့တော်ရှိ Low Yet ပလာဇာ၌ ညနေစာစားပြီး အပြန်တွင် ၎င်းတို့ စီးလာသည့် မော်တော်ယာဉ်နှင့် ဘေးချင်းကပ်လျက် လိုက်ပါလာသော ဆိုင်ကယ်ပေါ်မှ သေနတ်သမားက သေနတ်သုံးကြိမ် ပစ်ခတ်လုပ်ကြံ ခဲ့ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုထားသည်။

သေနတ်သမား စီးလာသည့် ဆိုင်ကယ်ပေါ်တွင် လူနှစ်ဦး စီးလာခြင်းဖြစ်ပြီး ဆိုင်ကယ်၏ နောက်တွင် လိုက်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ဗမာစကား ပြောဆိုကြကြောင်း ၎င်းကဆိုသည်။

ယင်းလုပ်ကြံမှုကို ဖော်ထုတ်ရန် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ ရဲတပ်ဖွဲ့က အထူးစုံစမ်း စစ်ဆေးရေးတပ်ဖွဲ့ တစ်ဖွဲ့ကို ဖေဖော်ဝါရီ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။

The Voice Weekly

0 comments:

Post a Comment