5.3.14

လူ့အရိုးတွေနဲ့ ဘုရားကျောင်း





မတ် ၅ ရက် ၂၀၁၄ ခုနှစ်

ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။


ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင် ထားခဲ့တာဖြစ်ပါတယ်။

အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။

ပုံတွေကြည့်ရတာ အားမရလို့ ဗီဒီယိုကြည့်လိုသူများ အောက်က ယူကျုမှာ ကြည့်နိုင်ပါတယ်နော်။ ဘာတွေပြောနေတယ် ဆိုတာတော့ ဒေါ်ချောတစ်ယောက်လည်း နားမလည်ပါ။ အရိုးဘုရားကျောင်းကို သွားလိုသူများအတွက် လိပ်စာမှာ

Kostnice
Zamecká 127
Kutná Hora - Sedlec, 284 03
Tel. 728 125488

www.youtube.com/watch?v=Y258YjexWys

သွားရောက်လည်ပတ်ခဲ့ကြသူ တစ်ချို့ကတော့ ဒီမြင်ကွင်းဟာ အနိဌာရုံမြင်ကွင်းဖြစ်တယ်။ ကြည့်တဲ့ သူတွေရဲ့ စိတ်ကို ခြောက်ခြားစေတယ်။ ကြက်သီးထစေတယ် လို့ ဆိုကြပါတယ်။ တစ်ယောက်ကတော့ ဘုရားကျောင်းရဲ့ reception desk မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို “ခင်ဗျား.. ဒီလိုနေရာ မျိုးမှာ နေ့တိုင်းနေရတာ ဘယ်လိုမှ မခံစားရဘူးလား။ မကြောက်ဘူးလား” လို့ မေးတဲ့အခါ. “ အိုး.. ဒါတွေက သေပြီးသားသူတွေရဲ့ အရိုးတွေဘဲ.. အသက်ရှိတော့တာမှ မဟုတ်တာ။ ဘာကြောက်စရာရှိလဲ.. သူတို့က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အသက်ရှင်နေတဲ့ သူတွေကသာ ဒုက္ခပေးနိုင်တာ၊ ကြောက်ဖို့ကောင်းတာ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်တဲ့။

ထိုအမျိုးသမီးကတော့ သတ္တိရှိလိုက်လေ.. ဒေါ်ချောတို့ကတော့ သွားလဲ မလည်ရဲသလို၊ အဲဒီနေရာမှာလည်း အလုပ်လုပ်ရဲမယ်တော့ မထင်ပါ။ သတ္တိက အဲသလိုကောင်းပါသည်။ အရိုးတွေနဲ့ ဘုရားကျောင်းကို ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ချော ( အစိမ်းရောင်လွင်ပြင် )

0 comments:

Post a Comment