5.3.14

လျှပ်စစ်ပစ္စည်းဈေးကွက် အရောင်းအဝယ်အေး

Wednesday, March 5, 2014

ရန်ကုန်မြို့တွင် လျှပ်စစ်မီး မရရှိမှု နှင့် လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှု လျော့ကျသွားသည့်အတွက်ကြောင့် လျှပ်စစ်နှင့်ဆက်စပ် ပစ္စည်းဈေးကွက်တွင် အရောင်းအေးသွားကြောင်း ရန်ကုန်မြို့ အီလက်ထရွန် နစ်ဈေးကွက်မှ မတ်လ ၅ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

ဈေးကွက်အေးသည့်အထဲတွင် အင်ဗာတာ၊ မီးစက်၊ မီးအားမြင့်စက်တို့ ပါဝင်နေပြီး ဈေးကွက်ပုံမှန်ဖြစ်သာရောင်း အားရှိနေကြောင်း တော်ဝင်မဟာ အီလက်ထရွန်နစ်အရောင်းဆိုင်မှ ကိုရာဇာထွန်းကပြောသည်။


“နွေရာသီရောက်တော့ပေမယ့်လဲ ဈေးကွက်အခြေအနေကတော့ ပုံမှန်ပဲသွေးအေးနေတယ် အရင်တော့ ဒီအချိန်ဆိုရင် ဈေးကွက်က ဒီလိုမဟုတ်ဘူး” ဟု ကိုရာဇာထွန်းက ဆိုသည်။

ယခု အီလက်ထရွန်နစ်ဈေးကွက်တွင် နိုင်ငံခြားမှ အီလက်ထရွန်နစ်ပစ္စည်းများ ဆက်တိုက်ဝင်နေလျက်ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်မီး အခြေအနေကြောင့် ပြည်တွင်းဖြစ် အီလက်ထရွန်နစ် ပစ္စည်းများသာ အရောင်းရလျက် ရှိကြောင်း ၉၉၉ သုံးလုံးအီလက်ထရွန်နစ် အရောင်းဆိုင်မှ ကိုစောနိုင်ကလည်း ပြောသည်။

“ပြည်ပက အီလက်ထရွန်နစ်ပစ္စည်းတွေက ဝင်လာပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မီးအားအခြေအနေကြောင့် ပြည်တွင်းက ပစ္စည်းတွေသာ ရောင်းရတယ်”ဟု ကိုစောနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော အီလက်ထရွန်နစ်ပစ္စည်းများသည် အမျိုးအစား ၅၀ ခန့်ရှိသော်လည်း နိုင်ငံတကာအရည်အသွေးမီ အီလက်ထရွန်နစ် ပစ္စည်းများသည် ရှားပါးလျက်ရှိကြောင်းကိုလည်း စမတ် အင်ဂျင်နီးယားရင်း ဆားဗစ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြည်တွင်းက ထုတ်တာတွေကို မကောင်းဘူးလို့တော့မပြောပါဘူး ဒါပေမယ့် နိုင်ငံတကာ အရည်းသွေးမှီတဲ့ ပစ္စည်းတွေက နည်းနေတဲ့အတွက် သုံးတဲ့အခါမှာစိတ်မချရဘူး ပြည်တွင်းမှာထုတ်နေတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကို အရည်သွေးထိန်းချုပ်ဖို့တော့ လိုလာပြီ”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း အရည်အသွေးမပြည့်မီသော ပစ္စည်းများအား ရောင်းချနေခြင်း၊ ထုတ်လုပ်နေသူများအား အရေးယူနိုင်ရန်အတွက် ယခု ၂၀၁၄ ခုနှစ် အီလက်ထရွန်နစ် ဥပဒေအား ပြဌာန်းသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နှင်းနွယ်
The Myanmar Age

0 comments:

Post a Comment