5.3.14

ထွန်တုံးတိုက်ပွဲဝင် ဦးဆောင်သူလေးဦးကို တရားစွဲဆိုထား

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိစေရန် မြေသိမ်း ထွန်တုံး တိုက်ပွဲကို မတ်လ ၄ ရက်တွင် စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆင်နွှဲနေရာ ဦးဆောင်သူ လေးဦး အား ပုဒ်မ ၄၄၇ နှင့် ပုဒ်မ ၁၁၄ တို့ဖြင့် ရေနံ့သာစိုက်ပျိုးထုတ်လုပ်ရေး သမ၀ါယမအသင်းလီမိတက်က လည်းကောင်း၊ ပုဒ်မ ၁၈ ဖြင့် မြို့နယ်ရဲတပ်ဖွဲ့ကလည်းကောင်း တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ၁၁၄၊ ပုဒ်မ ၁၁၇၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသော ဒေသခံတောင်သူ လေးဦးမှာ ကိုရဲရင့်အောင်၊ ကိုကိုအောင်နှင့် ကိုဇော်ဝင်းတို့ဖြစ်ပြီး ဦးနေ၀င်းမှာ ပုဒ်မ ၁၁၄နှင့် ပုဒ်မ ၄၄၇တို့ဖြင့် တရားစွဲဆိုခံရသည်။
တရားစွဲဆိုခံရသော်လည်း ထွန်တုံးတိုက်ပွဲကို ဆက်လက်ဆင်နွှဲကြပြီး ၎င်းတို့ကလည်း ရေနံ့သာစိုက်ပျိုး ထုတ်လုပ်ရေး သမ၀ါယမအသင်းလီမိတက်ကို ပြန်လည် တရားစွဲဆိုသွားမည်ဟု ဦးဆောင်သူ ကိုရဲရင့် အောင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို တရားစွဲတာကို လက်သင့်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တရားခံလို့ မခံယူပါဘူး။ ကိုယ့်လယ်ကို ထွန်တာပါ။ သူတို့ကိုပြန်ပြီး တရားစွဲသွားမယ်။ သူတို့သိမ်းခဲ့စဉ်က ဘာနစ်နာကြေးမှမပေး ဘဲ သိမ်းခဲ့တယ်။ ဆယ်စုနှစ် နှစ်စုကျော်ပြီ။ ကျွန်တော်တို့တောင်သူမိသားစုတွေ ဘယ်လောက် ဒုက္ခ ရောက်ခဲ့ကြလဲ။ ဒါတွေကို မစဉ်းစားခဲ့ကြဘူး။ အခု သူတို့သိမ်းထားတဲ့ လယ်တွေ ပြန်ယူဖို့လုပ်တော့ တရားစွဲခံရတယ်။ ဒါပေမဲ့ ရင်ဆိုင်သွားမှာပါ။ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု တရားစွဲဆိုခံထားရသူ ကိုရဲရင့်အောင်က ဆိုသည်။

ထွန်တိုက်ပွဲကို မတ်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ကွင်းအမှတ် ၁၃၃ နှင့် ၁၃၄ တို့တွင် ထွန်တုံးတိုက်ပွဲ ၀င်ပြီး မတ်လ ၃ ရက်တွင် ကွင်းအမှတ် ၁၄၉ ၌ တိုက်ပွဲဝင်ကာ မတ်လ ၄ ရက်တွင် ထွန်ရက်ပြီးသော လယ်ယာမြေများတွင် မိုးကြိုစပါးအဖြစ် ရွှေသွယ်ရင်မျိုးစပါးများကို လယ်သိမ်းခံတောင်သူ မူလပိုင်ရှင် များက စိုက်ပျိုးခဲ့သည်။

ဆက်လက်တိုက်ပွဲမ၀င်ရန်နှင့် ဥပဒေကြောင်းအရ ရင်ဆိုင်သွားရန် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့က တောင်သူ များအားပြောခဲ့သော်လည်း လယ်သိမ်းခံတောင်သူများက စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ကာ ထွန် တုံးတိုက်ပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။ ထွန်တုံးတိုက်ပွဲဝင် တောင်သူများသည် သိမ်းဆည်းခံထားရ သော လယ်မြေများကို အလံနီများစိုက်ပြီး ပြန်လည်သိမ်းပိုက်ကာ ဘိုးဘွားပိုင်လယ်ယာမြေ မကျူးကျော် ရစာတန်းများ စိုက်ကာ သိမ်းယူခဲ့သည်။ မူလပိုင်ရှင်များက တိုင်းတာပြီး မိမိပိုင် လယ်ယာမြေများကို အကွက်ချ ပြန်လည် ယူငင်မှုပြုခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်နေမှုများနှင့် တရားစွဲဆိုထားရှိမှုများကို မတ္တရာမြို့နယ် ရဲတပ်ဖွဲ့ထံ မဇ္ဈိမက မေးမြန်း ရာ တာဝန်ကျ ဒုတိယရဲအုပ်တစ်ဦးက “ကျွန်တော်တို့က ဆက်မလုပ်ဖို့တားတယ်။ တရားဥပဒေအရ ဖြေ ရှင်းဖို့ ပြောတယ်။ မရလို့လည်း တရားစွဲဆိုခံရတာပါ။ ဒီလောက်ပဲ ဖြေပေးလို့ရဦးမှာပါ”ဟု ပြန်လည် ဖြေ ကြားသည်။

အဖြေမရှာဘဲ တရားစွဲဆိုသည့်နည်းလမ်းများဖြင့် ဖြေရှင်းမှုများ ဆက်လက် လုပ်နေလျှင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထွန်တုံးတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းနှင့် အမှန်တရားအတွက်နည်းလမ်း ရှာပြီး ဖြေရှင်းသင့်ကြောင်း အိုင်အယ်လ်အိုနှင့် ဆက်သွယ်လုပ်ကိုင်နေသည့်ကွန်ရက် အထက်မြန်မာ ပြည်(Facilitator Network with ILO upper Myanmar) မှ တာဝန်ခံဦးအေးသိန်းကလည်း ပြောသည်။

“ဒီလိုတရားစွဲမှုတွေက မရှိသင့်ဘူး။ ဒါဟာ ဖိနှိပ်တာပါ။ သူတို့လယ်သူတို့ပြန်တောင်းတာ ပြန်ပေးရမှာပါ” ဟု ၎င်းက ပြောသည်။

ထွန်တုံးတိုက်ပွဲ လေးရက်မြောက်တွင် ဧက၂၀၀ ကျော် ထွန်ရက်စိုက်ပျိုးပြီးကြောင်းနှင့် လောလောဆယ် တွင် ဧက ၆၀၀ ကျော်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အဆိုပါဧက ၆၀၀ ကျော်ပြီးလျှင် ယာယီ ရပ်နား မည်ဖြစ်ကာ ကျန်ကွင်းများကို မတ်လကုန်တွင် ပြန်လည် တိုက်ပွဲဝင်သွားမည်ဟု ဒေသခံတောင်သူများ က ပြောသည်။

ထိုသို့ရပ်နားမည်မှာ တရားစွဲဆိုခံရခြင်းကြောင့်မဟုတ်ကြောင်း၊ အချို့ကွင်းများသည် ဆည်ရေမရရှိသေးခြင်းကြောင့် စောင့်သည့်သဘောဖြင့် ရပ်နားခြင်းဖြစ်ကြောင်း၊ ယခုစိုက်ပျိုးထားသော မိုးကြိုစိုက်ထား သည့် ပျိုးပင်များကို သက်ဆိုင်ရာက ၀င်ရောက်ဖျက်ဆီးလျှင်လည်း တရားစွဲဆိုသွားမည်ဖြစ်သည်။

ဒေသခံတောင်သူများသည် လယ်ယာမြေများ ပြန်လည်ရရှိသည်အထိ ဆင်နွှဲသွားမည်ဟု သိရသည်။ တရားစွဲဆိုခံထားရမှုနှင့်ပတ်သက်၍ ရှေ့နေများကွန်ရက်ကို အကူအညီတောင်းခံသွားမှာဖြစ်ပြီး လယ် ယာမြေများ သိမ်းဆည်းထားသော ဌာနဆိုင်ရာများကို တရားစွဲဆိုသွားမည်ဟု သိရသည်။

0 comments:

Post a Comment